ချစ်သူသိစေဖို့
အတိုင်းအတာတွေကြားမှာ
မိုင်တိုင်တွေကို ချယ်လှယ်ခွင့်ရမယ်ဆိုရင်
တထပ်တည်းမကျတဲ့ မင်းနဲ့ငါ ရဲ့ GPS အတွက်
ခြေလှမ်းတိုင်းကိုတော့အကွာအဝေး
ဘယ်ညာ အတူလှမ်းခွင့်ပေးချင်တယ် ချစ်သူ
မတူညီတဲ့ အချိန်နာရီတွေကြားမှာ
နေ့စွဲတွေကို ကန့်သတ်ခွင့်ရမယ်ဆိုရင်
လွမ်းခဲ့ရတဲ့ စက္ကန့်တွေတိုင်းကိုစုပေါင်း
နောက်ထပ် မလွမ်းရစေကြောင်း ဆုတောင်းလို့
နေ့ရက်တိုင်းကို အတူတူဖြတ်သန်းခွင့်ရချင်တယ် ချစ်သူ
မောနင်း နဲ့ ဂွတ်နိုက် ကြားမှာ
အက္ခရာတွေ ပြန်စီလို့ရမယ်ဆိုရင်
U & I ကို ဘေးချင်းကပ်
တစ်နေ့တာတိုင်းအတွက်
လက်တွဲပေးထားချင်တယ် ချစ်သူ
မတည်မြဲနိုင်တဲ့ လောက သဘာဝမှာ
မဖြစ်နိုင်(သေး)တဲ့အရာတွေ အတွက်
စိတ်ကူးနဲ့ ရူးပိုင်ခွင့် ရှိတာမို့
ခဏလေးပဲဖြစ်ဖြစ် စိတ်ကြည်နူးရမယ်ဆိုရင်
ဟုတ်ကဲ့ ကျွန်မ ရူးနေချင်တယ် ချစ်သူ











No comments:
Post a Comment
zawko95@gmail.com